၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဆေးဝါးတက္ကသိုလ်၊ ရန်ကုန်သို့ သွားရောက်ကာ စာသင်ခန်းများနှင့် နိုင်ငံတော်အစိုးရ၏ အထူးရန်ပုံငွေဖြင့် ဆောက်လုပ်ရန် လျာထားသော အဆောက်အဦးသစ် မြေနေရာအား လှည့်လည်ကြည့်ရှုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၂)မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးအတွက် အဆောင်များလည်း တိုးချဲ့တည်ဆောက်ပေးလျက်ရှိရာ အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးစေရေး ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။